အလုပ်နှင့် အောင်မြင်မှု

လူသားတိုင်း အရွယ်ရောက်လျှင် စားဝတ်နေရေးအတွက် အလုပ်လုပ်ရသည်။ ထိုသို့ အလုပ်လုပ်ရာတွင် လူတို့သည် ငယ်စဉ်ကလေးဘဝမှစတင်၍ ကိုယ်ဝါသနာပါရာတို့ကို လေ့လာသင်ယူ၍ ကြီးပြင်းလာသောအခါ အသက်မွေးဝမ်း ကျောင်းပညာအဖြစ် အသုံးပြုကြသည်။ ထိုသို့ အသက်မွေးဝမ်းကြောင်းပြုရာတွင် အချို့သောသူတို့မှာ မိမိဝါသနာ ရှိသော လုပ်ငန်းတို့ကို လုပ်ကိုင်ကြ၍ တစ်ချို့သောသူတို့မှာ မိမိဘဝနှင့် အဆင်ပြေကိုက်ညီသည့်အလုပ်ကို ရွေးချယ် ကြသည်။

မည်သည့်အလုပ်ဖြစ်စေ  ဝါသနာရှိ၍ သော်လည်းကောင်း၊ အဆင်ပြေကိုက်ညီ၍ သော်လည်းကောင်း လုပ်ကိုင်ကြ ရာတွင် အဓိကလုပ်ငန်းအောင်မြင်ရန်အတွက် လိုအပ်ချက်မှာ စိတ်ပါဝင်စားမှုနှင့် စီမံခန့်ခွဲမှုဖြစ်သည်။ အလုပ်၌ စိတ်ပါ ဝင်စားမှု၊ အာရုံစူးစိုက်မှုတို့မရှိလျှင် ထိုအလုပ်သည် မအောင်မြင်တတ်ပေ။ အဘယ်ကြောင့်ဆိုသော် စိတ်ပါဝင်စားမှု မရှိသူသည် လေ့လာစူးစမ်းရာတွင် အားနည်းလာပြီး ဆန်းသစ်တီထွင်မှု မရှိတော့ချေ။ ယနေ့ခေတ်သည် ဆန်းသစ် တီထွင်အားနည်းလျှင် နောက်ကောက်ကျကျန်ဖို့ အခွင့်အရေးများသော ခေတ်ဖြစ်သည်။ (ဥပမာ Nokia ဖုန်း ကုမ္ပဏီ အဟောင်းကို လေ့လာ၍ ကြည့်ခြင်းဖြင့် သိနိုင်သည်။) ထို့အပြင် မိမိလုပ်ငန်းတွင် စိတ်ပါဝင်စားမှုအားနည်း သောကြောင့် စျေးကွက် စီစစ်သုံးသပ်ချက်၊ သုံးစွဲသူအား စီစစ်မှု၊ ပြိုင်ဘက်တို့အား စိတ်ဖြာလေ့လာမှုတို့ လျော့ကျပြီး အောင်မြင်မှုနှင့် ဝေးသွားရန် ရာခိုင်နှုန်း အများဆုံးဖြစ်သည်။ ထို့ကြောင့် အောင်မြင်သောလုပ်ငန်းများသည် မိမိတို့ လုပ်ငန်းများလုပ်ကိုင်ရာတွင် စိတ်ပါဝင်စားမှုအားကောင်းစွာဖြင့် နေ့စဉ်လုပ်ကိုင်လျက်ရှိသည်။

အလုပ်တွင် အောင်မြင်ရန် အဓိကလိုအပ်သည့် အခြားအချက်မှာ ကျွမ်းကျင်စွာစီမံခန့်ခွဲနိုင်မှုဖြစ်သည်။ စီမံခန့်ခွဲမှု မကောင်းလျှင် အောင်မြင်မှုရရှိရန် ဖြစ်နိုင်ချေ အလွန်နည်းပါးသွားနိုင်သည်။ (ဥပမာ နာမည်ကြီးလုပ်ငန်းတိုင်း စီမံခန့်ခွဲမှုကောင်းကြောင်းကို လေ့လာတွေ့ရှိနိုင်ပြီး ထိုလုပ်ငန်းများ ပြဿနာများကြုံရချိန်တွင် တွေ့ရသော အဓိက အချက်မှာ စီမံခန့်ခွဲမှုအားနည်းခြင်းကြောင့်ဖြစ်သည်။ နောက်ထပ် ဥပမာတစ်ခုမှာ လူတစ်ယောက် ဝင်ငွေထွက်ငွေအား မျှတစွာစီမံခန့်ခွဲမှု မလုပ်တတ်လျှင် ပြဿနာကြုံရမည်ကို ကြည့်ခြင်းအားဖြင့် စီမံခန့်ခွဲမှုသည် မည်မျှအရေးပါ ကြောင်းကို လေ့လာတွေ့ရှိနိုင်သည်။) ထို့ကြောင့် စီမံခန့်ခွဲမှုဘာသာရပ်များမှာ လူကြိုက်များသော ဘာသာရပ်များ ဖြစ်လာခြင်းဖြစ်သည်။

ထို့ကြောင့် မည်သည့်လုပ်ငန်း အကြောင်းအရာတို့ကို လုပ်ကိုင်သည်ဖြစ်စေ အောင်မြင်ရန် အဓိကလိုအပ်ချက်မှာ စိတ်ပါဝင်စားစွာဖြင့် အာရုံစူးစိုက်မှုနှင့့် ကျွမ်းကျင်စွာစီမံခန့်ခွဲနိုင်မှုတို့ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိရန် ဤနှစ်ချက်ကို မျှတစွာအသုံးပြု၍ ဆောင်ရွက်ရမည်ဖြစ်သည်။