မြန်မာ့စီးပွားရေး အလားအလာ

၂၀၁၇ခုနှစ်တွင် မြန်မာ့စီးပွားရေးအတွက် အလားအလာ အကောင်းဆုံး စီးပွားရေးလုပ်ငန်းမှာ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး အဓိကဖြေရှင်းရမည့် စိန်ခေါ်မှုမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးနှင့် ငွေကြေးဖောင်းပွမှုများထိန်းချုပ်နိုင်ရေးတို့ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အများစု ခန့်မှန်းကြသည်။

၂၀၁၆တွင် ကြုံတွေ့ခဲ့ရသည့် ကမာ႓့စီးပွားရေးအခြေအနေသည် မြန်မာနိုင်ငံအပေါ်သို့ မည်မျှသက်ရောက်နိုင်သည်ကို အတိအကျမပြောနိုင်သော်လည်း နိုင်ငံခြားငွေလဲနှုန်းကဏ္ဍတွင် အမေရိကန်ဗဟိုဘဏ်မှ ဘဏ်တိုးနှုန်း ၀.၂၅% မြှင့်တင်လိုက်ခြင်းကြောင့် အမေရိကန်ဒေါ်လာနှင့် လဲလှယ်သည့် နိုင်ငံတကာငွေကြေးတန်ဖိုးများကျဆင်းကာ ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် အမေရိကန်ဗဟိုဘဏ်မှ ဘဏ်အတိုးနှုန်းအား ၂၀၁၇ခုနှစ်တွင် ထပ်မံတိုးမြှင့်ရန် အစီအစဉ်ရှိသည်ဟု ကြေငြာထားခြင်းကြောင့် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရသည့် ပြည်တွင်းငွေတန်ဖိုး ထပ်မံကျဆင်းမည့် အလားအလာရှိနိုင်ပြီး ငွေကြေးဖောင်းပွမှု ဆက်လက်မြှင့်တက်လာနိုင်သည်။

၂၀၁၇ခုနှစ်တွင် မြန်မာ့စီးပွားရေးကဏ္ဍတွင် အလားအလာအကောင်းဆုံး စီးပွားရေးလုပ်ငန်းမှာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။ သို့သော်လည်း ၂၀၁၆ခုနှစ်တွင် ငြိမ်သက်ခဲ့သည့် မြန်မာ့စီးပွားရေးကဏ္ဍသည် ၂၀၁၇ခုနှစ်တွင် လျင်မြန်စွာ တရှိန်ထိုးတိုးတက်လှုပ်ရှားရန် လိုအပ်သည့်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍဖြစ်သည်။

ထို့အပြင် မြန်မာ့စီးပွားရေးဦးမော့လာစေရန် သွင်းကုန်/ထုတ်ကုန်ကဏ္ဍတွင် လိုအပ်သည့်ကိစ္စရပ်မှာ ပြည်တွင်းကုန်ကြမ်းများအား (value added) (value created)တို့ဖြင့် ကုန်ချောအဖြစ်ပြောင်းလဲကာ နိုင်ငံတကာသို့ တင်ပို့ရောင်းချ၍ နိုင်ငံ၏ စီးပွားရေးတိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ကြောင့် လက်ရှိမြန်မာ့စီးပွားရေး၏ အဓိကအခက်အခဲမှာ နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်ရေးနှင့် ငွေကြေးဖောင်းပွမှုထိန်းချုပ်နိုင်ရေးဖြစ်ပြီး မြန်မာ့စီးပွားရေးတိုးတက်ရန် အဓိကလိုအပ်သည့်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ ပို့ကုန်များများတင်ပို့နိုင်ရန်ဖြစ်သည်။