ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း(၆)

အရင်အပိုင်းရဲ့အဆက်အနေနဲ့ research proposal နဲ့ ပတ်သက်တာကို အနည်းငယ် ထပ်ရေးပါ့မယ် .....

research proposal ရေးတာမှာ ရေးတဲ့ အကြောင်းအရာ အရေးကြီးတယ်ဆိုတာ ပြောခဲ့တယ် .... 

စိတ်ဝင်စားနိုင်တဲ့ဟာ ဖြစ်ရမယ် .... လတ်တလောမှာ ဖြစ်နေတဲ့ issue မျိုးကို ဆွဲထုတ်လို့ရတယ် ... issue တခု ရထားပီးရင် problem solving လုပ်လို့ရနိုင်မယ့် နည်းလမ်း တခုထက်မက စဉ်းစားထားရမယ် ..... issue တခုထက်ပိုရင်လည်းရတယ် .... အဲ့ဒီအခါ ကိုယ်ဟာ အဲ့ပြဿနာကို ဖြေရှင်းရာမှာ ရင်းနှီးကျွမ်းဝင်မှု ရှိနေပီးသား အခြေအနေမျိုးလို့ သူတို့တွေးနိုင်ပီးတော့ မေးခွန်းမေးရာမှာ ကိုယ့်အပေါ်ထားတဲ့ သူတို့ရဲ့ expectation ကလည်း ပိုမြင့်လာပါလိမ့်မယ် .... အဲ့တော့ အများကြီးကြိုတင်ပြင်ဆင်ထားဖို့ လိုပါ့မယ် ..... 

နောက်တခုက ရိုးသားမှု .....

သူတို့ရဲ့ မေးခွန်းသည် ကိုယ်ဖြေနိုင်သည်ဖြစ်စေ၊ ကိုယ်အတွက် ခက်ခဲသည့် မေးခွန်းဖြစ်စေ ဖြေဆိုရာမှာ ရိုးသားဖို့လိုပါတယ်လို့ အရင်တပတ်တည်းက ရေးသားခဲ့ပီးသားဖြစ်ပါတယ် ..... ဒါကို ပေါ့ပေါ့လေး မတွေးစေချင်ပါဘူူးး .... ကိုယ့်အဖြေ အပြုအမူ ကိုယ့်ရဲ့ တတ်သိကျွမ်းကျင်မှုဟာ နိုင်ငံတခုရဲ့ ပုံရိပ်ကို လာပီးစကားပြောပါလိမ့်မယ် ..... အထူးသဖြင့် ဂျပန်တွေဟာ သိပ်စနစ်ကျတယ် .... သူတို့က လူတယောက်ရဲ့ ရိုးသားမှုကို သိပ်တန်ဖိုးထားသလို အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲမြင်ကြပါတယ် (ကိုယ်တိုင် အတွေ့အကြုံအရပါ) ..... (အလုပ်ကို မင်းဟာ အလုပ်နဲ့တူအောင် သူတို့ စိတ်တိုင်းကြတဲ့အထိ လုပ်ခိုင်းမှာ ဖြစ်သလို မင်းကို အလုပ်သဘောအရ ဘယ်လိုပဲ တည့်တည့် မတည့်တည့် မင်းရသင့်တဲ့ အခွင့်အရေးဆိုရင်တော့ ကိုယ်ကတောင်းဆိုရင် သူတို့က လိုက်လျောပါတယ် ..... ကိုယ်ကတော့ ကိုယ်ရနိုင်တဲ့ အခွင့်အရေးတွေကိုတော့ သိဖို့ လိုပါလိမ့်မယ် ..... တောင်းဆိုရဲဖို့လည်း လိုပါတယ်) မြန်မာနိုင်ငံသားတွေ အများစုဟာ တပါးသူအပေါ် လေးစားစွာဆက်ဆံတာနဲ့ ကြောက်ရွံ့စွာဆက်ဆံတာကို မကွဲပြားကြပါဘူးးး .... လေးလေးစားစားကတော့ ဆက်ဆံရမယ် ဒါပေမယ့် ကြောက်ရွံ့နေစရာမလိုပါ ..... ရိုးသားမှုဆိုတဲ့အကြောင်းကို ပြောမယ်ဆို ဒီအကြောင်းအရာကို ချန်ထားလို့ မရပါဘူးးး .... လူတွေဘာလို့ ညာဖို့ ကြိုးစားတာလဲ .... ကိုယ်မသိတာကို ဘာကြောင့် မသိကြောင်း ရိုးသားစွာ မပြောရဲကြတာလဲ ...... အဲ့ဒါကတော့ ကြောက်ရွံ့ကြလို့ပါ .... 

တော်တော်များများအတွက် အဖြေကတော့ အဲ့ဒါပါပဲ ...... 

ပထမဆုံးကြောက်ရွံ့ခြင်းကတော့ ငါ့ထက်တတ်တဲ့သူက ငါ့လာဗျူးတယ်ဆိုပီး တပါးသူအပေါ် ရှိန်ခြင်းဖြစ်ပါတယ် ..... အဲ့တော့ ကိုယ်မတတ်ဘူးဆိုတာမျိုး မဖြစ်စေချင်လို့ ဟုတ်တာရော မဟုတ်တာရော လျှောက်ဖြေတော့တာ .... အဲ့မှာဂွမ်းတတ်ပါတယ် .... 

ဒုတိယကြောက်ရွံ့ခြင်းကတော့ ကိုယ့်ကိုယ်ကို ကြောက်ရွံ့ခြင်းပါပဲ ..... ကိုယ်မတတ်လို့မှ ပညာသွားသင်ရမှာပါဆိုတာကို လွယ်ကူစွာ သဘောမပေါက်တာ ..... မတတ်လို့ သွားသင်ရမယ့်ကိစ္စဟာ ကိုယ်အကုန်တတ်ပြနေစရာ မလိုပါဘူး .... မသိတဲ့ဟာကို မသိကြောင်းပြောပီးးး ဆက်၍လေ့လာပါ့မယ်ဆိုရင်ကို သူတို့တွေ ကျေနပ်နေကြပါပီ ..... 

အခုပြောနေတာက ကိုယ့် proposal ပြင်ပက မေးခွန်းတွေ မေးလာရင် သိတာကို သိတယ်နဲ့ မသိတာကို မသိဘူးဖြေဖို့ကိုပဲ ပြောနေတာ ဖြစ်ပါတယ် .... ဒါပေမယ့် ကိုယ့် proposal ထဲမှာ ရေးထားပီဟေ့ ဆိုရင်တော့ ကျေကျေလည်လည်ရှင်းနိုင်အောင်သာ လုပ်ထားပေတော့ပဲ ..... နို့မို့ဆို ကိုယ့် knowledge မရှိပဲ တခြား sources တွေကနေ ခိုးချ ကူးချထားတယ်လို့ သေချာပေါက်ထင်သွားနိုင်ပါတယ် ..... အာ့ဆိုရင်တော့ အရစ်ခံရဖို့ရာ ရှိပါတယ် .... ဘာကြောင့် ရစ်မှာလည်းဆိုရင် ဒါဟာ မင်းမသိဘူး သို့မဟုတ် သိတယ် ဆိုတာကို သေချာစေဖို့ပါ .....

 

မေတ္တာဖြင့်

ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း(၅)

ခုတပတ်မှာတော့ ကျနော်ရေးခဲ့တဲ့ research proposal နဲ့ ပတ်သက်ပီး ပြောချင်ပါတယ် ....
ဒီ research proposal ဟာ အရမ်းခက်ခဲနက်နဲနေတာမျိုးမဟုတ်ပေမယ့်လည်း အင်မတန်အရေးကြီးတဲ့ ကဏ္ဌမှာ ပါဝင်ပါတယ် .....
ဘာလို့ဆိုတော့ သူတို့လာဗျူးတဲ့ interview တွေရဲ့ decision making မှာ research proposal က အဓိကထဲက တခုမို့ပါ ....
အဲ့တော့ research proposal မှာ ဘာအကြောင်းကို ရေးမလဲ ဘယ်လိုရေးမလဲ .... ဘာတွေကို ရှောင်သင့်ပီး ဘာတွေကို ပါအောင်ထည့်ရေးသင့်သလဲဆိုတာကို ကိုယ်လုပ်ခဲ့တဲ့အလုပ်နဲ့ ပြန်လည်ယှဉ်ထိုးပီး ရေးသားပါ့မယ် ......
research proposal မှာ ရေးမယ့် အကြောင်းအရာက အခရာကျပါတယ် ...... လက်ရှိပြင်ပမှာ လိုအပ်ချက်ရှိနေတဲ့ ဖြေရှင်းရမယ့် အကြောင်းအရာဖြစ်နေရင် ပိုကောင်းပါတယ် .... current issue တခုခုပေါ့ .... 
issue တခုကို အစဆွဲထုတ်လို့ ရပီဆိုရင် အဲ့အကြောင်းအရာကို အရင်သိအောင်လေ့လာပါ .... ပီးရင် လိုအပ်ချက်ရှိနေတာက ဘယ်နေရာတွေမှာလဲဆိုတာရှာဖွေပါ ....
နောက်တဆင့်ထပ်တက်ရမှာက ကိုယ်ရှာတွေ့နေတဲ့ အဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ways of problem solving ပါ ..... 
ဒီနေရာမှာ တစ်ခု ရှိနေတာက ကိုယ်အစဆွဲထုတ်လိုက်တဲ့ issue မှာက ပြဿနာက တစ်ခုမက ရှိနေနိုင်တယ် ..... ကိုယ်က အဲ့ ပြဿနာတွေ တခုမကကို point out လုပ်ထားတယ်ဆိုရင် ကိုယ်ပြောချင်တဲ့ဟာကို မိမိရရ highlight မလုပ်နိုင်တာမျိုးဖြစ်နိုင်တယ် ...... အဲ့အခါမှာ ဒွိဟတွေ ဖြစ်လာပါမယ် .... ပြန်ရှင်းရတာတွေ ရှုပ်လာမယ် .... ကိုယ်ပြောချင်နေတာ ဘာလဲဆိုတာ interview မေးတဲ့သူက မသဲကွဲတာမျိုး ဖြစ်လာမယ် .... ကိုယ့်အတွေ့အကြုံအရ issue တွေအများကြီးထုတ်ပီး ဟိုဟာရော ဒီဟာရော အကြောင်းအရာအများကြီးကို ကိုယ်က ကိုင်တွယ်ဖြေရှင်းနိုင်သလိုမျိုးပြောနေတာတွေကို interview မေးတဲ့သူတွေက မနှစ်သက်ကြပါဘူးးး .... သူတို့ကို ရှုပ်ထွေးစေမှာမျိုးတွေကို ရှောင်ပါ .....
နောက်ပီးးး ကိုယ်ထုတ်ထားတဲ့ issue တခုပေါ်မှာ ဖြစ်နိုင်သမျှသော ကိုယ်ပိုင်စဉ်းစားထားတဲ့ (တခုထက်မကသော) နည်းလမ်းတွေကို ထည့်ရေးထားသင့်တယ် .....
အဲ့ရေးထားတဲ့ ways of problem solving တွေကို သူမေးရင် ကြေကြေလည်လည်ရှင်းပြနိုင်အောင်လည်း ကြိုတင်လေ့လာ ပြင်ဆင်ထားရပါမယ် .....
အဲ့ဒါဟာ လွယ်လွယ်လေးတော့ မဟုတ်ပါဘူးးး .... 
သူ့ဘက်က မေးခွန်းတွေမေးတဲ့အခါမှာ ကိုယ်လက်လှမ်းမမှီတဲ့ အကြောင်းအရာတွေ၊ ကိုယ်သေချာမသိတာမျိုးတွေ ဖြစ်လာရင် ရိုးရိုးသားသားပဲ ဒီအကြောင်းအရာကို မသိသေးကြောင်းနဲ့ ပြန်၍ လေ့လာပါမည့်အကြောင်းကို ကောင်းမွန်စွာပြောသင့်ပါတယ် .... ရမ်းပီး ရွှီးမယ်ဆိုရင်တော့ ကိုယ့်အပေါ်ကို အဆိုးဘက်သက်ရောက်တဲ့ အမြင်မျိုးဖြစ်မသွားနိုင်ဘူးလို့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ပါဘူးးး .... သူတို့ကို ရိုးသားစွာ ဆင်ခြေပေးတာ အကြောင်းပြချက်ပေးတာ ဖြေရှင်းတာမျိုးကို တန်ဖိုးထားကြပါတယ် ....... 
ဒီနေရာမှာ နောက်တခု ပြောစရာရှိတာက ကိုယ် proposal တင်လိုက်တုန်းက ထည့်မရေးဖြစ်လိုက်ပီး နောက်ပိုင်းမှ ပြောပြချင်တဲ့ အကြောင်းအရာတွေ ရှိနေရင်လည်း သူမေးတဲ့ အချိန်မှာ ကြုံသလိုထည့်ပီး ပြောနိုင်ပါတယ် .... များသောအားဖြင့်တော့ ဖြည့်ပီးပြောစရာရှိသေးလားး ဘာထပ်စဉ်းစားမိသေးလဲ ဆိုတာမျိုး လမ်းကြောင်းပြပီးလည်း မေးတတ်ပါတယ် ..... 
နောက်တခုက ဖြေပုံဖြေနည်းးး .... ဘယ်မေးခွန်းကိုဖြေဖြေ ယုံကြည်ချက်ရှိရှိနဲ့ဖြေပါ .... ဒါပေမယ့် ရိုင်းပြတဲ့ အမူအရာမျိုးကနေတော့ ကင်းလွတ်နေရပါ့မယ် ..... စာသွားသင်မယ့် ကျောင်းသားတယောက်က ရိုင်းပြနေမှာမျိုးကိုတော့ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ပါဘူးးး ..... ဒါဟာ ကိုယ့်တန်ဖိုးပါ .... 
နောက်တခု ကိုယ့်ပါဆင်နလတီနဲ့ ပတ်သက်ရင် သူတို့ကို ထည့်ပေးလိုက်သင့်တဲ့ အကြောင်းအရာတခုက ကိုယ်က ကိုယ်တင်ပြထားတဲ့ ဒီ research proposal ပေါ်မှာ အမှန်တကယ်စိတ်ဝင်စားမှု ရှိနေပီး ဘယ်လို လေ့လာမှုမျိုးကိုမဆို လုပ်နိုင်မယ် ...... ဘာအခက်အခဲတွေရှိရှိကျာ်ဖြတ်နိုင်မယ် ..... ကိုယ်မူရင်းရတဲ့ ဘွဲ့ဒီဂရီနဲ့ (research proposal မှာ) ကိုယ်လတ်တလောတင်ထားတဲ့ အကြောင်းအရာမျိုးနဲ့ ဆက်စပ်မှုမရှိရင်တောင် ကိုယ့်မှာ လတ်တလောတင်ထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပီးး passion ဘယ်လောက်ရှိကြောင်း သက်သေပြနိုင်တဲ့ စကားလုံးအသုံးအနှုန်းမျိုးကို သုံးစွဲပီးပြောသင့်သလို စိတ်ပါဝင်စားစွာနဲ့ လုပ်ချင်ကြောင်း လုပ်နိုင်စွမ်းအားရှိကြောင်းတွေ ဖြေဖို့ သက်သေပြနိုင်နေတာမျိုး ဖြစ်နေဖို့ လိုပါတယ် ...... 
နောက်တပိုင်း ဆက်ရေးပေးပါ့မယ် .....

မေတ္တာဖြင့်

ဝေဟင်ဟိန်းသန့်

ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း(၄)

Unknown.jpeg

ဒီအပိုင်းမှာတော့ ကျနော် ဂျပန်အစိုးရက ပေးတဲ့ JDS Scholar ကိုလျှောက်တာမှာ ဖြတ်သန်းခဲ့ရတဲ့ အဆင့်ဆင့်ကို ဗဟုသုတရအောင် ရေးပြချင်ပါတယ်… ဘယ်နိုင်ငံက scholar ကိုပဲ လျှောက်လျှောက်သူတို့တောင်းဆိုသမျှကို အမှန်ကန်ဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အောင် ဖြည့်ဆည်းပေးရတယ် ……. ဂျပန်မှာလျှောက်တော့လည်း အတော်လေး သတိထားရတယ် …… နှမ်းတစ်စေ့မှ အမှားမခံပါဘူး …..…
(၁)    ပထမအဆင့်က paper screening အဲ့အဆင့်မှာတင် ပြုတ်သွားတဲ့သူတွေလည်း မနည်းပါဘူး…သူတို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေဆိုတာလည်း အတော်လေး များတာပါ… အဲ့ဒါကို ပြည့်စုံအောင် လုပ်ရတာကိုက တော်တော်လေး မလွယ်ပါဘူး. … ကျောင်းက grading တွေယူပီးသားမရှိဘူးဆိုရင် အဲ့ဒါတွေကို သက်ဆိုင်ရာ ကျောင်းကနေ အချိန်မှီရအောင် တောင်းရတာကိုက အတော်ပြဿနာရှိပါတယ်… ဒီလိုစကော်လာတွေ ဖြေမယ်ဆိုရင် ကျောင်းအမှတ်တွေကို ပေးရတာပဲမို့ ဖြေမယ့်ရည်မှန်းချက်ရှိမယ်ဆိုရင် ကြိုကြိုတင်တင်တောင်းယူ ထားတာက အများကြီးအသက်ရှုချောင်မှာပါ…
(၂)    ဒုတိယအဆင့်ကတော့ သူတို့က ကျင်းပပေးတဲ့ TOEFL ကို‌ဖြေရတာပါ .....… နှစ်ကြိမ်ဖြေရပါတယ်… ပထမအကြိမ်ရဲ့ အမှတ်စာရင်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက အရာရှိတွေဆီကို ပြန်ပို့ပါတယ်… ဒုတိယအကြိမ်ဖြေတဲ့ TOEFL ရဲ့ အမှတ်စာရင်းကိုပဲ count လုပ်တယ်လို့ ပြောပါတယ် ......… ဆိုလိုတာက ပထမအကြိမ်‌ဖြေတာရဲ့ အမှတ်စာရင်းက ဘယ်လိုဖြစ်နေနေ ဒုတိယအကြိမ်‌ဖြေတာမှာ သူတို့လိုချင်တဲ့ ရမှတ်ထိရအောင် ‌ ဖြေနိုင်ရင် အောင်တယ်လို့ ‌ပြောပါတယ် .......... ဒီအဆင့်မှာလည်း တော်တော်များများ ပြုတ်ကျန်ခဲ့ပါတယ် .....…. 
(၃)    တတိယအဆင့်က ကိုယ်လျှောက်တဲ့ ဘာသာရပ်ပေါ် မူတည်ပီး ပြန်ကြလာတဲ့ကျောင်းက professor ကိုယ်တိုင် အင်တာဗျူးလာထိုင်တယ် ......… ဘာသာရပ်အပေါ် ကိုယ့်ရဲ့ လေ့လာထားမှု၊ စိတ်ဝင်စားမှု၊ သွက်လက်ချက်ချာမှု ဒါတွေကို အဓိကကြည့်တယ်… အင်္ဂလိပ်စကားပြော ကျွမ်းကျင်မှုလည်း ရှိသင့်‌ပါတယ် ... ကိုယ့်အပေါ် impression အတွက် အရေးကြီးပါတယ် ...….
(၄)    စတုတ္ထမြောက်အဆင့်ကတော့ comprehensive interview ပါ …..... အရေးကြီးပါတယ် ......… မြန်မာဘက်က တာဝန်ရှိသူ ၂ ယောက်ရယ် ဂျပန်သံရုံးဘက်က ဂျပန်လူမျိုး ၂ ယောက်ရယ် စုစုပေါင်း ၄ ယောက် အင်တာဗျူးပါတယ် ......… general question တွေ psycho question လေးတွေကို အဓိကမေးပါတယ် .....… မေးခွန်းတိုင်းကို အချက်ကျကျနဲ့ သွက်သွက်လက်လက် ဖြေဆိုသင့်ပါတယ်… 
(၅)    ပဥ္ဇမ‌မြောက်အဆင့်ကတော့ ဆေးစစ်ရတာပါ .....… ဒါလည်း အရေးကြီးတာပါပဲ .....… အဆင့်တိုင်း အောင်ခဲ့ပီး ဆေးကျလို့ ပြန်ဖြုတ်ခံရတဲ့သူတွေလည်း ရှိလို့ပါ .....… ယေဘုယျအနေနဲ့ ပြန်‌ပြောရရင် တတိယ‌မြောက်အဆင့်မှာ သက်ဆိုင်ရာ တက္ကသိုလ်တွေက ဆရာတွေ လာဗျူးတဲ့အခါ စိတ်အတည်ငြိမ်ဆုံး ဖြစ်နေဖို့လိုတယ် ....… သူတို့က ကိုယ်တင်ထားတဲ့ research proposal ကို အဓိကထားပီးမေးကြတာပဲများပါတယ်… အဲ့လိုမေးတဲ့အခါ ကိုယ်မသိတဲ့အကြောင်းအရာဆို မသိကြောင်း ရိုးရိုးသားသားပဲ ပြောပီး ပြန်လေ့လာပါ့မယ်လို့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားမျိုးကို ပြန်ပြောတာကသာလျှင် အသင့်တော်ဆုံးဖြစ်ပါတယ်…. ကိုယ်မသိတာကို ရမ်းရွှီးနေရင်ကိုယ်မသိပဲ ‌ပြောနေမှန်း သူတို့က အလွယ်တကူ သိနိုင်ပါတယ် .....…. ဒါဟာ ကိုယ့်အပေါ်ကို အထင်သေးစေဖို့ လုံလောက်တဲ့ အကြောင်းအချက်ပါပဲ ...... နောက်တပိုင်းမှာတော့ အင်မတန် အရေးကြီးလှတဲ့ research proposal အကြောင်းလေးလည်း တီးခေါက်မိသလောက် ကျနော်ရေးပါဦးမယ် …..... ဒီ scholar ရဲ့ အသက်ဟာ ပထမဆုံးအဆင့်မှာတင် တခါတည်းတွဲတင်လိုက်ရတဲ့ research proposal ပါပဲ….
မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်