ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၄)

ကျနော် ဂျပန်မှာ ကျောင်းတက်တဲ့ အကြောင်းအရာကို မဆက်ခင် ကျနော့် ပညာရေးနောက်ခံအကြောင်း အနည်းငယ်ရှင်းပြပါ့မယ် .....
ကျနော့်ရဲ့ ပထမဆုံးရတဲ့ဘွဲ့က အင်ဂျင်နီယာဘွဲ့ပါ .... electronics and communication (EC) ပါ .... အဲ့နောက် ကျနော် ကိုယ်ပိုင်လုပ်ငန်းလုပ်ပါတယ် .... အလုပ်လုပ်ရင်းနဲ့ MBA ကို မန္တလေးတက္ကသိုလ်မှာ တက်ပါတယ် .... MBA ပီးတော့ တဆက်တည်းမှာပဲ အစိုးရဝန်ထမ်းတွေကိုသာ စကော်လာပေးလေ့ရှိတဲ့ JDS scholar (ဂျပန်နိုင်ငံ) က အဲ့နှစ်မှာ အစိုးရဝန်ထမ်းမဟုတ်တဲ့ အပြင်ပုဂ္ဂလိကကလည်း ဝင်ဖြေလို့ရတယ်ဆိုတော့ ဝင်ဖြေဖြစ်လိုက်တာ အဆင့်ပေါင်းများစွာ အင်တာဗျူးဖြေပီးနောက်ဆုံးမှာ အရွေးချယ်ခံရပါတယ် ..... 
သွားတက်ရမယ့် တက္ကသိုလ်က Hiroshima University၊ လေ့လာရမယ့်ဘာသာရပ်က မြို့ပြဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Urban Development Planning) ကို မာစတာဘွဲ့ယူဖို့အတွက် တက်ရမှာပါ .... အဲ့တော့ ရှေ့ကယူထားခဲ့တဲ့ ဘွဲ့တွေနဲ့ ခုသွားတက်ရမယ့် အကြောင်းအရာနဲ့က မကိုက်ညီနေဘူး ... ကျနော်က ဘာသာရပ်အသစ်ကို လေ့လာရတော့မှာပါ ... အလွန်လည်း စိတ်လှုပ်ရှားမိတယ် .... ဖြစ်အောင်လည်း ကြိုးစားမယ် .... ဘယ်တော့မှ နောက်မဆုတ်ဘူး ... တခြားနိုင်ငံက ကျောင်းသားတွေထက်ကျော်အောင် မစွမ်းဆောင်နိုင်တောင် မလျော့စေရဘူးဆိုတဲ့ စိတ်တခုကို ရွေးချယ်ခံထားရပီးကတည်းက အပီအပြင်ရိုက်သွင်းပီးသားပါပဲ။ 
ဒီလိုနဲ့ ကျောင်းရောက်ပီပေါ့ .... ဆရာနဲ့ ပထမဆုံးတွေ့ဆုံမှုမှာ ကတည်းက သတိထားမိတာက တခုခုလိုနေတယ် ... မရှင်းလင်းဘူး မပြတ်သားဘူးလို့ ခံစားရတယ် .... ကျနော်က စကားတခုကို ပွင့်ပွင့်လင်းလင်းပြောတတ်သူ (ဆိုလိုတာက ဟန်သိပ်များမနေပဲ ပြောစရာရှိတာပြော လုပ်စရာရှိတာလုပ် ကြိုက်ရင် ကြိုက်တယ်ပြော မကြိုက်ရင် မကြိုက်ဘူးပြောပဲ သိပ်ထွေလီကာလီတွေ မလုပ်နေတတ်ဘူးဆုတာပြောချင်တာ) ဆရာကကျ ဘာဖြစ်စေချင်နေမှန်းမသိ၊ သူပြောချင်တာတွေချည်းပဲပြောတာ၊ အဲဒီဟာကမှ ပြဿနာပါပဲ .... ဘာလို့ဆို ကိုယ်မာစတာဘွဲ့ယူမယ့် research ကို ဦးတည်သွားရတော့မှာလေ ..... အဲ့ဒီမှာညှိလို့ မရကြတော့တာပါပဲ .... ဆရာရဲ့ လက်တွေ့လုပ်နေတဲ့ ပရောဂျက်လုပ်ငန်းတွေက အင်ဒိုနီရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ရှိနေတာပါ ... အကြီးအကျယ်တွေပါပဲ .... ဆရာက ကျနော့ကို အဲဒီနိုင်ငံတခုခုက energy နဲ့ ပတ်သက်တဲ့ research တခုခုကို လုပ်စေချင်တယ် .... ကျနော်ကလည်း လုံးဝမလုပ်နိုင်ဘူး ငြင်းတာ ... (ဒီနေရာမှာ ကျနော် မှန်တယ် သို့မဟုတ် မှားတယ်ဆိုတာ ဆွေးနွေးဖို့မဟုတ်ပါဘူး .. ဖြစ်ခဲ့တဲ့ အကြောင်းအရာကို ရေးပြနေတာပါ) ကျနော်ပြောတဲ့ အကြောင်းပြချက်က ကျနော့်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်လို့ နိုင်ငံအတွက် ကဏ္ဍအသီးသီးမှာ တတ်နိုင်သမျှ သုတေသန ပြုမှုတွေလိုနေတယ် ... ကို့နိုင်ငံအတွက် လိုမယ်လို့ ထင်တဲ့ဟာကိုပဲ လုပ်မယ်၊ သူများနိုင်ငံအတွက် မလုပ်ပေးနိုင်ဘူး လို့ပြောဖြစ်ခဲ့တာ (ကျနော် သူတို့လူတွေ့စစ်ကတည်းက တင်ထားခဲ့တဲ့ ကျနော် လုပ်မယ်ဆိုတဲ့ research ကိုပဲ တစိုက်မတ်မတ် လုပ်မယ်ပဲ ပြောခဲ့တာလေ .... အသစ်ပြောင်းလုပ်မှာလည်း မဟုတ်ဘူးး သူတို့ ဒီ research ကို လက်ခံနိုင်လို့ ရွေးခဲ့တာ မဟုတ်ဘူးလားပေါ့) ဆရာက သိပ်စိတ်ဆိုးတာ၊ သူခိုင်းတဲ့အတိုင်းအလုပ်လို့ဆိုပီး။ အဲ့တာက တပိုင်း။
နောက်ပြဿနာတခုက lab မှာ တပတ်ခြောက်ရက် နေခိုင်းတယ်၊ တရက်ကို မနက် ရ:၃၀ ကနေ ည ၈ နာရီထိတဲ့ဗျာ .... (သူကိုယ်တိုင်လည်း အဲဒီအချိန်ဇယားအတိုင်းလာတာနော် ... သူများကိုပဲ ခိုင်းတာမဟုတ်ဘူးး သူကိုယ်တိုင်လည်း အတိအကျလိုက်နာနိုင်တဲ့သူ ... မနက်မိုးလင်း ရ:၃၀ သူကျောင်းရောက်ရင် သူရဲ့ lab အခန်းတိုင်းကို လိုက်စစ်တာ .. ကျောင်းသားတေ အကုန်ရောက်နေပီလားဆိုတာ ... မရောက်ရင် ဖုန်းဆက်တယ် ... တချို့ကို email ပို့တယ် ... ဘာကြောင့် မရောက်သေးတာလည်း ဆိုပီး ... ကျောင်းသားတွေဆိုတာ ဆရာကို အသေကြောက်ကြတာ .... lab ထဲက ကျောင်းသားတိုင်း ဆရာရှေ့မှာ တုပ်တုပ်မှ မလှုပ်ရဲဘူး ... ကျနော့်ဆရာ စည်းကမ်းတင်းကျပ်လွန်းလို့ ကျောင်းသားတွေ မရူးရုံတမယ်ဆိုတာ ကျောင်းက တခြားဆရာတွေရော ကျောင်းသားတွေရော သိကြပါတယ် .. ဆရာကတော့ နာမည်ကြီးပေါ့ ... (ဒါပေမယ့် အတန်းဝင်လို့ စာသင်ရင်ကြတော့လည်း အမြဲကို ပြုံးနေနိုင်တာ .... စာကို တကယ့်ကို ကောင်းအောင်သင်နိုင်တာ၊ ကျောင်းသားတွေ အပေါ်စိတ်ရှည်တာ (စာသင်ရင်ပြောတာနော် lab ကတပည့်တွေအပေါ်ပြောတာမဟုတ်ဘူး) တွေက ကျနော်သူအတန်းကို စတက်တက်ချင်းမှာ အရမ်းအံ့သြတာ ... ငါ့ဆရာ lab က သူ့တပည့်တွေ အပေါ်မှာလည်း ဒီလောက်များသဘောကောင်းရင် ငါ့ labmate တွေ အတော်ပျော်ကြမှာ ဆိုပီးတွေးမိခဲ့တယ် ) 

ပြဿနာက ဒါတင်ပဲလည်း မကသေးပါဘူး .... စကားပြောရင့်သီးခြင်းကလည်း ပြဿနာတွေကို မီးလောင်ရာလေပင့်စေတာ ပါပဲ။

မေတ္တာဖြင့်
ဝေဟင်ဟိန်းသန့်