ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း (၁၁)

ဒီတပတ်ရဲ့ ဘလော့ဂ်ပို့စ်ကို ခရီးစဉ်လေးတခုအကြောင်းပဲ ပြန်ရေးပေးလိုက်ပါတယ် ..... 

အရင်အပိုင်းရဲ့ ပို့စ်အဆက်တွေလည်း လာမှာပါ .... ဆက်တိုက် စာအလေးကြီးတွေပဲ ဖတ်နေရရင် ငြီးငွေ့မှာ စိုးလို့ ကြားထဲမှာ ပေါ့ပါးတဲ့ အကြောင်းအရာလေးကို ဖြတ်ပီး ရေးပေးလိုက်ပါတယ် .....

အောက်က စာစုလေးက ကျနော်ရဲ့ ဖေ့ဘုတ်ပေ့ဂျ်မှာ ဖော်ပြခဲ့တာကို ပြန် ရှယ်ပေးထားတာပါပဲ .....

ခြေလန် လက်လန် ဖူဂျီစံ (၁၃.၈.၂၀၁၅ ~ ၁၆.၈.၂၀၁၅)

ကျောင်းတွေ ပိတ်တဲ့ ရာသီဆိုတာ ကျနော်တို့ ကျောင်းသားတွေ အားလုံးအတွက် ပျော်စရာ အလွန်ကောင်းပါတယ် .... ဒီ summer vacation အတွက် ရွေးဖြစ်တာက ဖူဂျီတောင်တက်ဖို့ပါပဲ ..... စိတ်ထဲမှာ ပိုစတာတွေထဲ မြင်ဖူးတာက ထိပ်ပိုင်း ဖြူဖြူဖွေးဖွေးလေးနဲ့ အလွန်လှတဲ့ တောင်လေးကို နောက်ခံထားထားပီး ရှေ့မှာ ရှင်ကန်ဆန်ဖြတ်သွားနေတဲ့ ပုံပါ ... တော်တော်များများလည်း မျက်မှန်းတန်းမိလိမ့်မယ်လို့ ထင်ပါတယ် ..... အလွန်ဆုံးမြင့် မန္တလေးတောင်ရဲ့ သုံးဆလောက်လို့ ထင်ခဲ့တာပေါ့ ..... (ထင်ရက်တာလေ) .... 

ဖူဂျီတောင်က ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင် ဖြစ်ပီး မီးတောင်ရှင်လည်း ဖြစ်ပါတယ် ..... လွန်ခဲ့တဲ့ နှစ်သုံးရာကျော်က နောက်ဆုံးပေါက်ကွဲခဲ့ပါတယ် .....

ပထမဆုံး တောင်ရဲ့ 5th station (2306 m) ထိ ကားနဲ့ တက်ကျတယ် ... တောင်က စုစုပေါင်း (3776 m) မြင့်တာပါ ..... အဲတော့ ခြေလျင်တက်ရတာက 1470 m (၄၈၂၁ ပေ) တက်ရတာပေါ့ အပေါ်ဆုံးထိကို ..... တောင်အခြေကများ စတက်ရင် ဘယ်လိုနေမယ်မသိ ..... တက်တဲ့သူတော်တော်များများက ၁ ညအိပ် ဒါမှမဟုတ် ၂ ညအိပ် အေးအေးဆေးဆေး အချိန်ယူပီး တက်လေ့ရှိကြပါတယ်တဲ့ .... ကျနော်တို့ သူငယ်ချင်း ၃ ယောက်ကတော့ အသွားအပြန် ၁ရ နာရီလောက်နဲ့ အပီးပေါ့လေ .... ကျနော်ကတော့ ၁၄ နာရီလောက်ပဲ ကြာခဲ့ပါတယ် .... အပြန်မှာ ခြေထောက်က အရမ်းနာနေတာနဲ့ ခြေတစ်ဖက်တည်းနဲ့ အားတင်းဆင်း နောက်လည်း လှည့်မကြည့် နားလည်းမနားနဲ့ အောက်ကို အမြန်ရောက်လာတာပါ .... အကောင်းတော့ မဟုတ်ပါဘူးးး .... နာတယ်ဆိုပီးနားမိရင် ဘယ်လိုမှ ရှေ့ဆက်သွားချင်မှာ မဟုတ်လို့ပါ .... ကိုယ့်အကြောင်းကိုယ်သိမို့ အံကြိတ်ပီး ရှေ့ကို ဦးတည်ပီး ဇွတ်သွားခဲ့တာပါ .... အဲဒါမှ ကျနော် အစစ်ပါ ...... 

(ခြေထောက်က တောင်ပေါ်မတက်ခင် 5th station မှာ ပြောင်းဖူးဝယ်စားတော့ အဲဒီဆိုင်က cashier ရဲ့ ပေါ့ဆမှုကြောင့် ထောင်ထားတဲ့ cash box က ကိုယ့်ခြေထောက်ပေါ် ပြုတ်ကျတယ်လေ .... ကံများကောင်းချက် ..... အဲဒီကတည်းက ဒဏ်နည်းနည်းဖြစ်နေတာ ...... အပေါ်ဆုံးရောက်ခါနီးလေ မတ်မတ်ကြီးတက်ရလေပဲ ..... အဲဒီမှာ ညာဘက် ခြေထောက်က အရမ်းနာလာတော့တာ ......)

ဒီတောင်တက်တာကနေ ဘာသင်ခန်းစာ ရလည်းဆိုတော့ မသွားခင် သွားရမယ့် နေရာဒေသကို အကြောင်းစုံသိအောင် အင်တာနက်ကနေ စေ့စေ့စပ်စပ်ရှာဖွေ ဖတ်ရှုထားသင့်တယ် (တောင်ပေါ်မှာ ရာသီဥတုက တစ်ဒီဂရီပဲ ရှိတာပါ .... အနွေးထည် လုံလုံလောက်လောက် မဝတ်သွားတဲ့ ကျနော်အတွက်တော့ ဓာတ်ပုံ အရိုက်ခံဖို့တောင် ခပ်ခက်ခက်ပါပဲ .... သူငယ်ချင်းက အနွေးထည် လုံလုံလောက်လောက် သယ်လာဖို့ ပြောတယ် ...... ကိုယ်က ပေါ့ဆတာပါ ...... ) သူများတွေ ဘယ်လိုပုံစံနဲ့ တောင်တက်လေ့ ရှိသလဲ ဆိုတာလည်း လေ့လာသင့်တယ် .... (အဓိကက ခြေနင်းပေါ့ အရေးကြီးတယ် .... ကိုယ်ကတော့ စီးနေကျ ရှုးနဲ့ဆိုတော့ ကားတာပါပဲ .... ကျနော်ဖိနပ်အောက်ခံ sole က အမာဆိုတော့ သေရော .... အပျော့စီးရင် ခံသာပါတယ်တဲ့) မြေပြင်အခြေအနေတွေကအစ မေးစမ်းထားသင့်တယ် ... (အလယ်ပိုင်း တော်တော်များများနေရာမှာ လေးဘက်ကုန်းပီးကို တက်ရတာပါ ခင်ဗျ .... အပေါ်ဆုံးမှာ လေအရမ်းတိုက်လို့ လွင့်မပါသွားအောင် ကျောက်တုံးကြီးနှစ်လုံးကြားထဲ ဝပ်နေခဲ့ရတာကလည်း အမှတ်တရပါပဲ ... )

အပေါ်ဆုံးကနေ ကြည့်ရတဲ့ နေထွက်ချိန်ကတော့ အရမ်းမိုက်တယ် .... အဲဒါကြည့်ဖို့ကိုပဲ တကူးတက တက်ကြတာပါ .... တိမ်တွေအားလုံးကလည်း ကိုယ့်အောက်မှာပဲ ..... ရာသီဥတု ဆိုးရင် ခုလို နွေရာသီမှာလဲ တက်ခွင့်မပေးပါဘူး ... ဆောင်းရာသီကတော့ သွားလို့ လုံးဝ မရပါ ..... ပင်ပန်းတာနဲ့ မောတာကတော့ စာဖွဲ့လို့တောင် မတက်လို့ ရေးမပြတော့ပါဘူးး .... ဟီရိုရှီမားကနေ အသွားအပြန် ၄ ရက်ခရီး (ပထမနေ့ မနက် ၆:၃၀ ကနေ စီးသွားကြတာ ည ၉ နာရီမှာ တိုကျို ရောက်တယ် .. နောက်တနေ့ ည ရ နာရီတောင် စတက်တယ် ... မနက် ၄ နာရီလောက် တောင်ပေါ်ရောက်တယ် ... နောက်တနေ့ မနက် ၉:၁၅ ကို 5th station ပြန်ရောက်တယ် ..... တိုကျို သူငယ်ချင်းအိမ်ကို ညပိုင်း ၈ နာရီလောက် ပြန်ရောက်တယ် .... နောက်တနေ့ (ဒီမနက် ၆ နာရီ) တိုကျိုက  ထွက်လာပီး ခု ၁၀:၃၀ မှာ ပြန်ရောက်တယ်ဆိုတော့ အလွန်ကို တက်သုတ်ရိုက်တဲ့ trip တစ်ခုတော့ ဖြစ်သွားတယ် .... ဒါပေမယ့် လုပ်ချင်တာတွေကို အောင်မြင်ပြီးမြောက်အောင် လုပ်နိုင်တဲ့ အတွက်တော့ အတိုင်းမသိ ကျေနပ်ပါတယ် .... ပြန်လာကတည်းက ပေါင်တွေကွနေတာ ခုထိလည်းကွတုန်းးး .... ရှင်ဂျူကုဘူတာမှာ ရထားမှီအောင် မြန်မြန် အတက်အဆင်းတွေ မလုပ်နိုင်လို့ ရထားတွေတောင် လွတ်သွားသေးတာ .... အခု အပြန်လည်း ကိုယ့် hand carry တောင် ကိုယ်မသယ်နိုင်တော့လို့ seven eleven ကနေပဲ ပို့ခိုင်းရတော့တယ် .... လောလောဆယ် အကျေနပ်ဆုံးကတော့ စာရေးရ အင်မတန်ပျင်းတဲ့ ကိုယ်က ဒီလောက်ထိ စာတွေ ရှည်ရှည်ရေးနေပီးတာကိုပဲ ... အမှန်တော့ ပြောချင်တာတွေ အများကြီးဗျ ကျန်သေးတယ် ... ရေးချင်တော့ဘူး ညောင်းလာပီ ...... မေးစရာရှိရင်သာ comment ပေးခဲ့ဗျာ .... (သူငယ်ချင်းတွေရဲ့ missed call တွေ အများကြီးအတွက် ဆောရီးပါဗျာ .... နောက်နေ့ ပြန်ခေါ်ပါ့မယ် ) ခုမအိပ်ခင်လေး ဒီစာ အပီးရေးတင်တာပါ.... မြန်မာပြည်မှ ချစ်ရသောသူများ အားလုံးအတွက် ....... ဖူဂျီတောင်တက်ချင်တဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးတဲ့ သူငယ်ချင်းများ Htoo Thaw နဲ့ Aungkomin Min တို့ကိုတော့ ပြောမပြတတ်အောင် ကျေးဇူးတင်ကြောင်းပါဗျာ .....

မေတ္တာဖြင့်

ဝေဟင်ဟိန်းသန့်