ဂျပန်ပြည်မှ ရေးတဲ့စာ အပိုင်း(၃)

images.jpeg

ကျနော် ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်ဖြစ်လိမ့်မယ်ဆိုတဲ့ အိပ်မက်မျိုး ငယ်ကတည်းက တခါမှ မရှိဘူးပါဘူး… နိုင်ငံခြားကျောင်းသွားတက်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးတော့ရှိပါတယ်….

အမေရိကား၊ အင်္ဂလန်၊ နယူးဇီလန်၊ သြစတြေးလျ စတဲ့နိုင်ငံတခုမှာတော့ ပညာသွားသင်ချင်ခဲ့ဖူးတယ်… အရင်ပို့စ် မှာ ကျနော် မန္တလေးတက္ကသိုလ်မှာ ဖွင့်လှစ်သင်ကြားတဲ့ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု မဟာဘွဲ့  (MBA) သင်တန်း 1st batch မှာ တက်ခဲ့တယ်ဆိုတာ ရေးခဲ့ပါတယ်… အဲဒီမှာ ကျနော့်‌ကို ညီအစ်ကို အရင်းလိုချစ်တဲ့ ဆရာ ဒေါက်တာမောင်မောင်နဲ့ သိကျွမ်းခဲ့တယ်…ဆရာမောင်က မန္တလေးတိုင်း စက်မှုလုပ်ငန်းကုန်သည်ကြီးများအသင်းရဲ့ အတွင်းရေးမှူးပါ…သူရဲ့ အသိပေးမှုနဲ့ ဂျပန်နိုင်ငံအစိုးရက ပညာသင်ကြေးထောက်ပံ့ပေးတဲ့ JDS Scholar ကို သိခဲ့ပီး ကျနော့်‌ကို ဝင်ဖြေဖို့ အဓိကတွန်းအားပေးခဲ့သူပါ… JDS Scholar က အဓိကက အစိုးရဝန်ထမ်းတွေအတွက် ပေးတဲ့ စကော်လာပါ ....… စကော်လာပေးနေတာ ခုဆိုရင်တော့ ၁၅ နှစ်လောက်တောင်ရှိပေါ့ ...…. ဒီစကော်လာက နာမည်လည်းကြီးပါတယ်… အဆင့် ၅ ဆင့်လောက်ကို ဖြေရတယ် ….. private sector ကိုလည်း နှစ်တိုင်း စကော်လာ ပေးလေ့မရှိပါဘူး …. ရံဖန်ရံခါမှ ကြိုးကြားကြိုးကြားခေါ်တာပါ…ကိုယ်ဝင်ဖြေမယ့်နှစ်ကမှ private sector ကို ပြန်ခေါ်တာလို့ ပြောပါတယ် (၇ နှစ်ကြာပီးနောက်မှာတဲ့)…. အစကတော့ ကျနော် ဝင်မ‌ဖြေတော့ဘူးလို့ပါပဲ… ရန်ကုန်မှာချည်းပဲ ‌ဖြေရမှာ လုပ်ရမှာဆိုတော့ ကိုယ့်စီးပွားရေးလည်း မန္တလေးမှာရှိနေတော့ လုပ်မနေတော့ပါဘူးလို့ပဲ  ..... ဒါပေမယ့် ဆရာမောင်က အဓိကပဲ သူက ဝင်ဖြေစေချင်တယ်… ကိုယ့် talent ကိုလည်း သူယုံတယ် …… ရမယ်လို့လည်း ယုံကြည်တယ် ……  နောက်ထပ်လူတွေအတွက်လည်း လမ်းပွင့်စေချင်တယ်ဆိုပီး တိုက်တွန်းမှု ကြောင့်ပဲ တလေးတစား အလေးထားပီး ဖြေဖြစ်ခဲ့တာပါ…. ကိုယ့်အပေါ် လှိုက်လှိုက်လှဲလှဲယုံကြည်မှုပေးခဲ့တဲ့ ဆရာမောင်ကို အမြဲပဲ ကျေးဇူးတင်နေပါတယ်… ကျနော်က မန္တလေးတိုင်း စက်မှုကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုပီး ရန်ကုန်မြို့ UMFCCI အောက်ကနေ ဝင်ဖြေခဲ့တာပါ (ညီနောင်အသင်းမို့) 

အဲ့ဒီနှစ်က scholar ခေါ်တဲ့ subject က ၄ မျိုးပါ…

  1. Urban planning
  2. Electrical engineering
  3. Master in Business Administration နဲ့
  4. Information Technology ရယ်ပါ.

အဲ့ဒီရွေးချယ်ခွင့်ရှိတဲ့ ဘာသာရပ်လေးခုထဲက urban planning ကိုပဲ ရွေးချယ်ဖြေဆိုခဲ့တယ်…

ဘာလို့ဆိုတော့ MBA ကတော့ ထပ်မလိုချင်တော့ဘူး… ကိုယ်လိုအပ်တာတွေကို သင်ယူခဲ့ပီးပီ… ကျနော့်‌ရဲ့ ပထမဘွဲ့က B.E (electronic and communications) ပါ .… အဲ့ဒီဘွဲ့နဲ့လည်း စီးပွားဖြစ်လုပ်မစား ခဲ့ဘူးဖူးဆိုတော့ master ကို electrical engineering နဲ့လည်းသွားယူနေစရာ အကြောင်းမရှိလှဘူး ….… လက်ရှိစီးပွားရေးအနေနဲ့ လုပ်ကိုင်နေတဲ့ အလုပ်ကလည်း IT နဲ့ နွှယ်တယ်လို့ ပြောလို့ရသော်ငြား နိုင်ငံခြားမှာ အဲ့ဘာသာရပ်ကို မာစတာတန်းတက် ပြန်အသုံးချရအောင် အာသီသ မရှိဘူး ….… အာ့နဲ့ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းဆိုတဲ့ ဘာသာရပ်ကို ရွေးချယ်တာပါ.. ရည်ရွယ်ချက်က ကိုယ်ချစ်တဲ့မြို့ကို တဖက်တလမ်းက တတ်နိုင်သမျှ ပြန်အကျိုးပြုချင်တာပါပဲ ….… ကျနော် မန္တလေးမြို့ကို သိပ်ချစ်တာလေ …… 

ဒီလိုနဲ့ပဲ  ဘဝမှာတခါမှ မလေ့လာ မသင်ယူဖူးတဲ့ ကိုယ့်အတွက် challenging တွေများမယ့် ဒီ urban planning ဆိုတဲ့ ဘာသာရပ်ကိုပဲ ခေါင်းမာစွာနဲ့ ရွေးချယ်ခဲ့တယ်… အဲ့လိုရွေးချယ်မိတဲ့အတွက် နောက်လာမယ့် ကောင်းခြင်း ဆိုးခြင်းတွေအားလုံးကို ပြတ်ပြတ်သားသား ကြံ့ကြံ့ခိုင်ခိုင်ပဲ ရင်ဆိုင်ဖြေရှင်းသွားမယ်ဆိုတဲ့ သံဓိဌာန်လည်း တပြိုင်နက်ချခဲ့တယ် ….… နောက်အပိုင်းမှာ JDS scholar ကိုရဖို့ ဖြေရတဲ့ အဆင့်ဆင့်ကို နားလည်မှတ်မိသေး သလောက် ပြန်ရေးပြပါ့မယ် ...…..

မေတ္တာဖြင့်

ဝေဟင်ဟိန်းသန့်